Saturday, March 12, 2011

နောင်တခေတ်ရဲ့ အောင်စစ်သည်များအတွက် သင်ခန်းစာ

အမိ စစ်တက္ကသိုလ်ကြီးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျနော်တို့
ဗိုလ်လောင်းအသစ်တွေကို ကြိုဆိုပွဲဆိုပြီး စီနီယာ ဗိုလ်လောင်းတွေက စီစဉ်ပေးမယ်လို့
ကျနော်တို့ကို ပြောကြပါတယ်။ ကြိုဆိုပွဲ နေ့မှာတော့ ဗိုလ်လောင်းတွေနေတဲ့
ဟောခန်းကြီးထဲက ကုတင်တွေ စားပွဲတွေကို နေရာရွှေ့တယ်။ စားပွဲတွေ ကုလားထိုင်တွေမရှိတဲ့
အခန်းမှာ ဘယ်ပုံဘယ်နည်းနဲ့ ကျနော်တို့ကို ကြိုဆိုပွဲလုပ်မှာလဲ ဆိုပြီးလည်း
စဉ်းစားမိလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ကြိုဆိုပွဲအတွက် အချိန်ကျပြီ၊
ဟောခန်းထဲကို ဝင်ရတော့မယ်ဆိုတဲ့ အသံကြောင့်ပဲ စောစောက တွေးနေတာတွေ ပြတ်သွားပါတယ်။


burma_army_crdit

ဟောခန်းထဲကို ဝင်လိုက်တာနဲ့ နောက်ထပ်ထူးဆန်းတာတခု ထပ်ကြုံရပါတယ်။ ဟောခန်းက
ရှင်းနေပြီးတော့ မီးချောင်းတွေကလည်း စတတ်တာ (starter) ဖြုတ်ထားတာလား၊
မပါတာလားတော့မသိဘူး၊ မှောင်လိုက်၊ လင်းလိုက်တွေ ဖြစ်နေတယ်။ ကျနော်တို့ အပတ်စဉ်က
မောင်တွေကလည်း အကုန်လုံးက တိုက်ပုံ၊ ပုဆိုး၊ ဆံပင်ပုံစံကအစ တူနေတော့ ဘယ်သူမှန်း
သိပ်မကွဲပြားဘူး။ ကိုယ့်နားက သူလောက်ကိုပဲ ထင်ထင်ရှားရှားသိတယ်။ ကျနော်တို့တွေ
မှောင်တလှည့် လင်းတချီဖြစ်နေတဲ့ ဟောခန်းကျယ်ကြီးထဲမှာ ယောင်တောင်တောင်နဲ့
ရပ်နေတုန်း စီနီယာဆိုတဲ့ ဗိုလ်လောင်းတွေ ဝင်လာပြီး မပြောမဆိုနဲ့ အားလုံးကို “သမ”
ပါလေရော။

ကိုယ်တွေကလည်း ဘုမသိ ဘမသိနဲ့ ခံရတော့တာပေါ့။ တချို့မောင်တွေကလည်း
အားကနဲ၊ အွန့်ကနဲပဲ။ ကျနော်လည်း အစပိုင်းတုန်းက ကိုယ့်ဆီဝင်လာတဲ့ လက်သီးချက်တွေကို
ခုခံဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် ခုခံလေ၊ ပိုပင်ပန်းပြီး ပိုနာလေ ဖြစ်တာကြောင့်
ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ကျနော်တို့ကို ဝင်သမနေတဲ့သူတွေက ကျနော်တို့ရဲ့
ရင်ဘတ်၊ ဗိုက်၊ နံကြားတွေကိုပဲ ထိုးကြတယ်။ လည်ပင်းတို့ မျက်နှာတို့ကိုတော့
မထိုးကြပါဘူး၊ ချော်ပြီး ထိတာမျိုးတော့ ရှိတာပေါ့။ မှိတ်တုတ် မှိတ်တုတ်
မီးရောင်အောက်မှာ ကိုယ့်ကို ဘယ်သူထိုးလို့ ထိုးမှန်းလည်းမသိ၊ ဘေး ဘယ်ညာကို
ကြည့်မိပြန်တော့လည်း မသဲမကွဲနဲ့ ညည်းညူသံတွေကြားမှာ ခွေကျတဲ့သူတွေကိုလည်း တချက်
တချက် မြင်ရပါတယ်။

ထပြေးချင်စိတ်ပေါ်ပေမယ့်လည်း လက်သီးချက်တွေကို
ရှောင်နေရတာနဲ့ပဲ ဘာမှမတတ်နိုင်၊ စစ်တက္ကသိုလ်ကို လာတက်မိတာ မှားများ
မှားနေပြီလားဆိုတဲ့ အတွေးတွေ၊ ကိုယ့်ကိုယ် သမနေတာ ဘယ်သူမှန်း မသိပေမယ့်လည်းပဲ
လက်တုန့်ပြန်ချင်တဲ့ စိတ်တွေ စတဲ့ ခံစားချက်ပေါင်းစုံနဲ့ တမိနစ်ကိုလည်း
တကမ္ဘာလောက်အထင်နဲ့ ဖြတ်သန်းလွန်မြောက်ခဲ့ရပါတယ်။

နောက်ရက်ကျမှပဲ နောင်တော်
စီနီယာဗိုလ်လောင်းများရဲ့ ပြောပြချက်အရ ကျနော်တို့ကို သမတဲ့ပွဲကို Brain Wash
(ဦးနှောက်ဆေးတာ) လို့ ခေါ်ကြောင်း၊ အဲဒီလိုလုပ်မှပဲ အရပ်သားဘဝကနေ စစ်သားဘဝကို
ချက်ခြင်း ဘဝပြောင်းလာတဲ့ ဗိုလ်လောင်းအသစ်တွေကို သင်ကြားရာမှာ
ပိုပြီးလွယ်ကူမှာဖြစ်တဲ့အကြောင်း၊ ယခင်နှစ် အပတ်စဉ်တွေကတည်းက
နှစ်တိုင်းပြုလုပ်ခဲ့တာဖြစ်ကြောင်း ကျနော်တို့ သိရပါတယ်။ စီနီယာ ဗိုလ်လောင်းများက
ဂျူနီယာတွေကို အုပ်ထိန်းမှုမှာလည်း အကျိုးသက်ရောက်မှု ရှိမယ်ဆိုတဲ့အကြောင်း
ကျနော်တို့ကို ပြောပြပါတယ်။

သူတို့ရဲ့ လက်တွေ့ကျတဲ့နည်းက စီနီယာတွေ၊
သင်တန်းအရာရှိတွေ အုပ်ချုပ်၊ အမိန့်ပေးရတာတွေကို အကျိုးပြုတယ်လို့ နောက်တရက်မှာပဲ
ကျနော်သိလိုက်ရပါတယ်။ ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းတွေအကုန်လုံး မျက်နှာသေတွေနဲ့
တခွန်းမေးရင် တခွန်းပဲဖြေတော့တယ်။ ဟုတ်ပါတယ်၊ ကျနော်တို့တတွေ “ဟုတ်” နဲ့ “မဟုတ်”
ကိုပဲ ပြောခွင့်ရှိတဲ့ ပထမနှစ် ဗိုလ်လောင်းစစ်စစ်တွေ ဖြစ်သွားကြပါပြီ။


ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက နှစ်တွေအထိ Brain Wash ဆိုတဲ့ အလေ့အထ
ရှိပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ် တွေမှာတော့ Brain Wash အပြင်၊ တရားမဝင်
အပြစ်ပေးတာတွေ၊ ထိုးကြိတ်တာတွေကို ကျောင်းအုပ်ကြီး ကိုယ်တိုင်က အမိန့်ချပြီး
တားမြစ်ခဲ့ပါတယ်။

တရားမဝင် အပြစ်ပေးမှုဆိုတာကတော့ စီနီယာ ဗိုလ်လောင်း
သို့မဟုတ် တာဝန်ကျ ဗိုလ်လောင်းများက ဂျူနီယာတွေကို တန်းပေါင်းစီကွင်းမှာ မဟုတ်ဘဲနဲ့
မိမိတို့ အဆောင်တွေမှာဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် အပြစ်ပေးခြင်းကို တရားမဝင်
အပြစ်ပေးတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီလို တားမြစ်ပေမယ့်လည်းပဲ သင်တန်းအရာရှိတွေက
ဗိုလ်လောင်းတိုင်းကို ကိုယ်တိုင် လိုက်မကြည့်နိုင်တော့ တရားမဝင် အပြစ်ပေးတာတွေ၊
ထိုးကြိတ်တာတွေ အနည်းနဲ့အများ ရှိနေတုန်းပါပဲ။

ထိုးကြိတ်တယ် ဆိုတာကတော့
ရှင်းပါတယ်၊ ရင်ဘတ်တွေ ဗိုက်တွေကို ထိုးတာကိုပဲ ခေါ်တာပါ။ အဲဒါကိုတော့
စစ်တက္ကသိုလ်စကားနဲ့ ပြောမယ်ဆိုရင် “ထန်းသီးကျွေးတယ်” လို့ ခေါ်ပါတယ်။
ဂျူနီယာဗိုလ်လောင်းတွေ အမှားတခုခုလုပ်ပြီး နောင်တော် ဗိုလ်လောင်းတွေက
အပြစ်ပေးတော့မယ်ဆိုရင် တချို့သော စီနီယာတွေကတော့ မေးပါတယ်။ သူတို့ခိုင်းတဲ့
အပြစ်ပေးနည်းတွေအတိုင်း လုပ်မလား၊ ဒါမှမဟုတ် အထိုးပဲခံမလား ဆိုတာကိုမေးပါတယ်
(အမြဲတမ်းတော့ မမေးပါ)။

အဲဒီလိုမေးလို့ကတော့ ဗိုလ်လောင်းတချို့ကတော့
အထိုးခံဖို့ကိုပဲ ရွေးချယ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အထိုးခံရတာက
တခြားနည်းလမ်းတွေနဲ့ အပြစ်ပေးတာထက်စာရင် အချိန်ကိုပိုပြီး ချွေတာလို့ရပါတယ်။
အထိုးခံတယ်ဆိုရင် အချိန်က အများဆုံးကုန်မှ ၁၀ မိနစ် ၁၅ မိနစ်။
တခြားအပြစ်ပေးနည်းတွေဖြစ်တဲ့ ဖားခုန်၊ လက်ထောက်မှောက်၊ ဂျွမ်းထိုး စတာတွေ
လိုက်လုပ်မယ်ဆိုရင် အနည်းဆုံး နာရီဝက်ပါပဲ။ လေးငါး ဆယ်ချက် ခုန်ပြီးတာနဲ့
စီနီယာဗိုလ်လောင်းတွေက တန်းဖြုတ် ပေးတာမဟုတ်ပါဘူး။ အကြိမ်ရေပေါင်း ရာနဲ့ ချီရင်ချီ၊
မဟုတ်ရင် ထောင်ဂဏန်းချီပြီး ခုန်ရ ပြုရပါတယ်။

မှတ်မှတ်ရရ
အဖြစ်အပျက်လေးတခုကတော့ တရက်မှာ ကျနော်တို့ ကျောင်းတော်ကြီးကို တပ်မတော် ဆေးတက္ကသိုလ်
(မင်္ဂလာဒုံ) က ခွင့်ပြန်ဗိုလ်လောင်းတယောက် ရောက်လာပါတယ် (တပ်မတော် ဆေးတက္ကသိုလ်ရဲ့
ခွင့်ပြန်ကာလက စစ်တက္ကသိုလ်ထက် တလလောက် စောပါတယ်)။ သူရောက်လာတာကလည်း
ဧည့်တွေ့ဆောင်တွေကနေတဆင့် ရောက်လာတာ မဟုတ်ဘဲနဲ့ ဗိုလ်လောင်းတွေနေရတဲ့ ဘားတိုက်
တွေကြားထဲကို ရောက်လာတာပါ။ သူ့ပုံစံကလည်း လည်ကတုံး ရှပ်၊ တိုက်ပုံ၊
ပုဆိုးနဲ့ဆိုတော့ စကားမပြောကြည့်ရင် ကျနော်တို့ စစ်တက္ကသိုလ်
ဗိုလ်လောင်းတွေအတိုင်းပါပဲ။ အဲဒီမှာ သူနဲ့ ကျနော်နဲ့ မျက်နှာချင်းဆိုင် ဆုံပါလေရော။
သူက မေးတယ် ဟိုဘက်က ဘားတိုက်တွေကြားထဲမှာ နံပတ်စဉ်တွေကို ထောင်ဂဏန်းချီပြီး
ရေတွက်နေတဲ့အသံကြားတယ်၊ ဘာအသံလဲ ဆိုပြီးမေးတာပါ။ ပြီးတော့ ရေတွက်နေကြတာလည်း
တယောက်တည်းမဟုတ်ဘူး ဆိုတာကိုပါ ထည့်ပြောတယ်။

စီနီယာဗိုလ်လောင်းတွေက
ဂျူနီယာတွေကို အပြစ်ပေးနေတာဖြစ်ကြောင်း၊ ကြားရတဲ့အသံအရဆိုရင် ဖားခုန်ခုန်နေကြတာ
ဖြစ်နိုင်တယ်လို့ သူ့ကို ပြန်ပြောပြပါတယ်။ အဲဒီမှာ သူက တပ်မတော် ဆေးတက္ကသိုလ်က
ဗိုလ်လောင်း ဖြစ်တဲ့အကြောင်း၊ သူတို့ကျောင်းမှာ ဖားခုန်ကို အကြိမ်ရေထောင်နဲ့ချီပြီး
ခုန်ရတယ်ဆိုတာ တခါမှ မကြားဖူးကြောင်း၊ အဲလို ခုန်ရတဲ့အတွက် ခြေထောက်တွေဘယ်လိုမှ
မနေဘူးလား ဆိုတာတွေကို ပြန်ပြီး မေးခွန်းထုတ်ပါတယ်။ ကျနော်လည်း ဘာမှပြန်မဖြေတော့ဘဲ
ကိုယ့်အိပ်ဆောင်ရှိရာကိုပဲ ပြန်သွားခဲ့ပါတယ်။

ကျောင်းတော်ကြီးမှာ
အပြစ်ပေးခံရတာတွေကို တယောက်ယောက်ကို ပြန်ပြောပြမယ်ဆိုရင် ကျောင်းစကားအရ “ပွတယ်”
လို့ ပြောပါတယ်။ အဲဒီလို ပွတာကို နောင်တော်ဗိုလ်လောင်းတွေ သိရင်လည်း
ပွရကောင်းလားဆိုပြီး “အုပ်” (အပြစ်ပေး) ခံရပါသေးတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်
ဆေးတက္ကသိုလ်နဲ့ တပ်မတော် နည်းပညာတက္ကသိုလ် ဆိုတာတွေ ရှိနေတဲ့အထဲမှာ စစ်တက္ကသိုလ်
ဆိုတာကတော့ အပြစ်ပေးတာ အကြမ်းဆုံးဆိုပြီး နာမည်ကြီးပါတယ်။ စစ်တက္ကသိုလ်မှာ အနော်ရထာ၊
ဘုရင့်နောင်နဲ့ အောင်ဇေယျ ဆိုတဲ့ ဗိုလ်လောင်းတပ်ရင်း သုံးရင်းခွဲထားပါတယ်။
ဗိုလ်လောင်း အပတ်စဉ် တခုကို အကြမ်းဖျင်း အယောက် ၂ ထောင်ခန့်နဲ့ နှစ်စဉ်နှစ်တိုင်း
“နောင်တခေတ်ရဲ့ အောင်စစ်သည်” ဆိုတဲ့ ပုဂ္ဂိုလ်တွေကို မွေးထုတ်နေဆဲ ဖြစ်ပါတယ်။

စိုင်းဇွမ်ဆိုင်း

No comments:

Post a Comment